On this page
သင်စိုးရိမ်ပါက နိုင်ငံလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် အကူအညီဖုန်းလိုင်း (National Coronavirus Helpline) ၁၈၀၀ ၀၂၀ ၀၈၀ ကို ဖုန်းခေါ်ပါ။
စကားပြန်လိုအပ်ပါက TIS National ၁၃၁ ၄၅၀ သို့ ဖုန်းခေါ်ပါ။
အရေးပေါ်အခြေအနေများအတွက်သာ သုညသုံးလုံး (၀၀၀)ကို သုံးပါ။
မိမိကိုယ်တိုင်နှင့် အခြားသူများကို ကိုဗစ်-၁၉မှ ကာကွယ်ပါ။
ကိုဗစ်-၁၉ သည် လူ့အသိုင်းအဝိုင်းတွင် ပျံ့နှံ့နေဆဲ ဖြစ်သည်။ လူအချို့ကို ဆိုးရွားစွာ နာမကျန်းဖြစ်စေနိုင်သေးသည်။ မိမိကိုယ်ကို ကာကွယ်ခြင်းသည် အခြားသူများကို ကာကွယ်ရန် အကောင်းဆုံး နည်းလမ်း ဖြစ်ပါသည်။ ကိုဗစ် မဖြစ်ပါက သင်ထံမှ ကိုဗစ် မကူးစက်စေနိုင်ပါ။
စစ်ဆေးပါ။
အောက်ပါအခြေအနေများတွင် အိမ်တွင် နေပြီး ပိုးအမြန်စစ်ဆေးနည်း (RAT)ကို စစ်ဆေးပါ-
- နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ ဖျားခြင်း သို့မဟုတ် ချမ်းတုန်ခြင်းစသည့် လက္ခဏာများ ရှိလျှင်
- ကိုဗစ်-၁၉ ဖြစ်သူနှင့် ထိတွေ့သူ ဖြစ်လျှင်
အကယ်၍ သင့်စစ်ဆေးမှုမှ ပိုးမရှိအဖြေရလျှင်၊ သင်သည် နောက်ထပ်ရက်အနည်းငယ်ကြာအထိ ပိုးအမြန်စစ်ဆေးနည်းဖြင့် ဆက်လက် စစ်ဆေးသင့်ပြီး သင့် ရောဂါလက္ခဏာများ မပျောက်မချင်း အိမ်တွင် နေသင့်သည်။
သင်သည် ကိုဗစ်-၁၉ကြောင့် အလွန် နေမကောင်းဖြစ်လာပါက ပီစီအာ (PCR) နည်းဖြင့် စစ်ဆေးရန် ဆရာဝန်ကို မေးမြန်းပါ။ ပီစီအာနည်းမှ ပိုးတွေ့အဖြေရပါက သင့်အဖြေကို အကြောင်းကြားရန် မလိုအပ်ပါ။
သင့်ကျန်းမာရေးကို ဂရုစိုက်ပါ
အကယ်၍ သင်သည် ကိုဗစ်-၁၉ ပိုးတွေ့အဖြေရပါက အနားယူသင့်ပြီး ဆရာဝန်နှင့် ပြသသင့်ပါသည်။ လူအများစုသည် မဆိုးဝါးသော လက္ခဏာများ ရရှိမည်ဖြစ်ပြီး အိမ်တွင် ပြန်ကောင်းလာနိုင်ပါသည်။ သင် လုပ်သင့်သည်မှာ -
- အိမ်တွင် အနည်းဆုံး ၅ ရက်နေပါ။ အလုပ်၊ ကျောင်း မသွားပါနှင့်။ ဆေးရုံများ၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာများနှင့် မသန်မစွမ်း ဝန်ဆောင်မှုဌာနများနှင့် ဝေးဝေးနေပါ။
- အရေးပေါ်အခြေအနေတွင် အိမ်မှ အပြင်ထွက်ရမည်ဆိုလျှင် နှာခေါင်းစည်းတပ်ပါ။ အကောင်းဆုံး နှာခေါင်းစည်းများမှာ ခွဲစိတ်ခန်းသုံး သို့မဟုတ် N95 ဖြစ်သည်။
- သင် မကြာသေးမီ တွေ့ခဲ့သောလူများကို သို့မဟုတ် ရောက်ခဲ့သော နေရာများသို့ သင် ကိုဗစ် ဖြစ်နေကြောင်း အကြောင်းကြားပါ။
သင့်ရောဂါလက္ခဏာများ ပိုဆိုးလာပါက ဆရာဝန်နှင့် ပြသသင့်သည်။
သင်သည် နိုင်ငံလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် အကူအညီဖုန်းလိုင်း (National Coronavirus Helpline) ဖုန်း ၁၈၀၀ ၀၂၀ ၀၈၀ ကိုလည်း ခေါ်နိုင်ပါသည်။
သင် ဆရာဝန်နှင့် မပြသနိုင်ပါက အရေးပေါ် စောင့်ရှောက်မှုအတွက် ဗစ်တိုးရီးယား အရေးပေါ်အလားတူဌာန (Victorian Virtual Emergency Department) သို့ ဖုန်းခေါ်ပါ။
အရေးပေါ်အခြေအနေများအတွက် သုညသုံးလုံး (၀၀၀)ကို ဖုန်းခေါ်ပါ။
သင်ထံမှ ၁၀ ရက် ကြာသည်အထိ ပိုးကူးစက်စေနိုင်သည်။ နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ ချွေးထွက်ခြင်း သို့မဟုတ် အသက်ရှူကျပ်ခြင်းတို့ ဖြစ်ပါက အိမ်တွင်နေသင့်သည်။ မသေချာပါက ပိုးအမြန်စစ်ဆေးနည်းကို သုံးပါ သို့မဟုတ် ဆရာဝန်နှင့် ပြသပါ။
အထောက်အပံ့
ပိုမိုသိရှိလိုပါက-
- သင်သည် ကိုဗစ်-၁၉ ပိုးတွေ့အဖြေ ရပါက မည်သည်တို့လုပ်ရမည်ကို သိရှိရန် ကိုဗစ်-၁၉ အတွက် လုပ်ရန်စာရင်းကို ဖတ်ရှုပါ။
- ရောဂါလက္ခဏာများနှင့် အိမ်တွင် သင်၏ကျန်းမာရေးကို စောင့်ရှောက်ခြင်းအတွက် ကိုဗစ်-၁၉ စီမံခန့်ခွဲခြင်းကို ဖတ်ရှုပါ။
တစ်ဦးတစ်ယောက်နှင့် စကားပြောရန်-
- နိုင်ငံလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် အကူအညီဖုန်းလိုင်း (National Coronavirus Helpline) ကို ၁၈၀၀ ၀၂၀ ၀၈၀ မှ ဖုန်းခေါ်ပါ။
- ဘာသာပြန်နှင့် စကားပြန် ဌာန (Translating and Interpreting Service) ကို ၁၃၁ ၄၅၀ မှ ဖုန်းခေါ်ပါ။
ကိုဗစ်ဆေးများအကြောင်း မေးပါ။
ကိုဗစ်ဆေးဝါးများသည် လူ့အသက်ကို ကယ်တင်ပြီး၊ လူများကို ကိုဗစ်-၁၉ ကြောင့် ဆိုးရွားစွာ နာမကျန်းဖြစ်ခြင်းမှ ကင်းဝေးစေပါသည်။ ဆေးအာနိသင် အကောင်းဆုံး ဖြစ်စေရန် ၎င်းတို့ကို တတ်နိုင်သမျှ စောစီးစွာနှင့် နာမကျန်းဖြစ်ပြီး ၅ ရက်အတွင်း သောက်သုံးသင့်သည်။
ကိုဗစ် ဆေးဝါးများ ရနိုင်သည် ဟုတ်မဟုတ် သိရှိနိုင်ရန် အောက်ပါမေးခွန်းများကို ဖြေဆိုပါ။ သင် ရနိုင်သည်ဟုထင်ပါက ဆရာဝန်နှင့် ပြသပါ။ ဆေးရနိုင်သည့်သူများကို ဆေး မြန်မြန်ရရှိရန် ဆရာဝန်က ကူညီနိုင်ပါသည်။
ပိုမိုသိရှိလိုပါက ဗိုင်းရပ်ဆေးများနှင့် အခြားဆေးဝါးများအကြောင်းကို ဖတ်ရှုပါ။
နှာခေါင်းစည်း တပ်ပါ
နှာခေါင်းစည်းများသည် ကိုဗစ်-၁၉ ကူးစက်ခြင်းနှင့် ပျံ့နှံ့ခြင်းကို တားဆီးပေးနိုင်သည်။ နှာခေါင်းစည်းများသည် အရည်အသွေး ကောင်းမွန်ပြီး မျက်နှာနှင့် အံဝင်ခွင်ကျ ဖြစ်သင့်သည်။ N95 နှင့် P2 နှာခေါင်းစည်းများ (အသက်ရှူစက်များ) သည် အကာအကွယ်အများဆုံး ပေးနိုင်သည်။
အောက်ပါအခြေအနေများတွင် နှာခေါင်းစည်း တပ်သင့်သည်-
- အများသုံးသယ်ယူပို့ဆောင်ရေး၊ အများသုံးနေရာအတွင်းနှင့် လူစည်ကားသော လေဟာပြင်နေရာများတွင်။
- အကယ်၍ သင့်တွင် ကိုဗစ်-၁၉ ဖြစ်နေပြီး အိမ်မှ အပြင်သို့ မဖြစ်မနေ သွားရလျှင်
- သင်သည် သို့မဟုတ် တစ်စုံတစ်ဦးနှင့် အတူ အလွန်ဖျားနာနိုင်ခြေ ရှိလျှင်
အသက် ၂ နှစ်နှင့်အောက် ကလေးများသည် မွန်းကြပ်ခြင်းနှင့် အသက်ရှူကြပ်ခြင်းအန္တရာယ် ရှိသောကြောင့် နှာခေါင်းစည်း မ၀တ်သင့်ပါ။
ကာကွယ်ဆေး နောက်ထပ်ဆေးအကြိမ်ကို ထိုးပါ။
ကာကွယ်ဆေးများသည် မိမိကိုယ်တိုင်နှင့် မိသားစုကို ကိုဗစ်-၁၉ ကြောင့် ဆိုးရွားစွာ နာမကျန်းဖြစ်ခြင်းမှ ကာကွယ်ပေးရန် အကောင်းဆုံးနည်း ဖြစ်သည်။ သင့်အတွက် အကြံပြုထားသော ကာကွယ်ဆေးကို နောက်ဆုံးအကြိမ်အထိ ထိုးထားသင့်သည်။ ကာကွယ်ဆေး အကြိမ်မည်မျှ ထိုးရန် အကြံပြုထားသည်ကို သိရှိရန် ဆရာဝန်နှင့် ဆွေးနွေးပါ။
အကယ်၍ သင့်တွင် ကိုဗစ်-၁၉ ဖြစ်ခဲ့သော်လည်း ကာကွယ်ဆေး ထိုးထားသင့်သေးသည်။ ဆရာဝန် သို့မဟုတ် အနီးတစ်ဝိုက်ရှိ ဆေးဆိုင်တွင် နောက်တစ်ကြိမ် ကာကွယ်ဆေး ထိုးရန် ကာကွယ်ဆေးထိုးရာနေရာရှာသည့် (vaccine clinic finder)ကို သုံးပါ။
နောက်ထပ် သိသင့်သည်များအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဖတ်ရှုပါ။
လေကောင်းလေသန့် ဝင်ပါစေ။
ကိုဗစ်-၁၉သည် လေထဲမှ ပျံ့နှံ့သည်။ လေကောင်းလေသန့်ကို အိမ်တွင်းသို့ ဝင်စေခြင်းသည် ကိုဗစ်-၁၉ ပျံနှံ့နိုင်ခြေကို လျှော့ချပေးနိုင်သည်။ အိမ်တွင်း၌ ဧည့်သည်များနှင့် တွေ့ဆုံသည့်အခါ ဖြစ်နိုင်လျှင် ပြတင်းပေါက်များ သို့မဟုတ် တံခါးများကို ဖွင့်ထားပါ။ မဖွင့်နိုင်ပါက၊ လေထဲမှ လွှင့်ပါးနိုင်သော အမှုန်အမွှားများကို ဖယ်ရှားပေးသည့် ခရီးဆောင် လေသန့်စင်စက် (HEPA filter)ကို အသုံးပြုနိုင်သည်။
ကိုဗစ်-၁၉ မှ ပြန်ကောင်းလာခြင်း
လူအများအပြားသည် ပိုးမကူးစက်စေနိုင်သည့်နောက်ပိုင်း ကိုဗစ်-၁၉ ကြောင့် နေထိုင်မကောင်း ဖြစ်နိုင်ပါသည်။ ခန္ဓာကိုယ်ကို ပြန်လည် ကောင်းမွန်လာစေရန် ဂရုစိုက်ပါ၊ အချိန်ပေးပါ။
ရောဂါပိုးကူးစက်ခံရပြီးနောက် ၆ လ စောင့်ဆိုင်းပြီးမှ နောက်တစ်ကြိမ် ကာကွယ်ဆေးထိုးသင့်သည်။ ဤသို့ဖြင့် ဗိုင်းရပ်စ်ပိုးအပေါ် အကောင်းဆုံးကာကွယ်မှုကို သင် ရပါမည်။
သင် ပြန်ကောင်းလာပြီးနောက် အစောဆုံး ၄ ပတ်အကြာတွင် ကိုဗစ်-၁၉ ထပ်မံ ဖြစ်နိုင်ပါသည်။ ရောဂါဖြစ်ပြီး ၄ပတ် သို့မဟုတ် ထို့နောက်ပိုင်းတွင် ရောဂါလက္ခဏာများ ရှိနေပါက ပိုးစစ်ဆေးသင့်ပါသည်။
ကိုဗစ်-၁၉၏ လက္ခဏာများ ၃ လထက် ပိုကြာနေပါက ရှည်ကြာနေသောကိုဗစ်ဟု ခေါ်ပါသည်။ သင့်ရောဂါလက္ခဏာများကို သက်သာအောင်ကုပေးနိုင်သည့် သို့မဟုတ် လိုအပ်ပါက အထူးကုဆရာဝန်သို့ လွှဲပို့ပေးနိုင်သည့် အထွေထွေကုဆရာဝန်ကို ပြသသင့်သည်။
ရှည်ကြာနေသောကိုဗစ်အကြောင်းကို ပိုမိုသိရန် ဖတ်ရှုပါ။
သင်သည် ရောဂါထိတွေ့သူ ဖြစ်ခဲ့လျှင်
သင်သည် ပိုးတွေ့စစ်ဆေးမှုအဖြေ ရှိသူတစ်ဦးနှင့် အိမ်တစ်အိမ်တွင် အတူနေထိုင်ပါက သို့မဟုတ် နီးကပ်စွာ ထိတွေ့မိပါက သင်သည် ကိုဗစ်-၁၉ ဖြစ်ပွားနိုင်ခြေ ရှိသည်။
ပိုးတွေ့စစ်ဆေးမှုအဖြေ ရှိသူနှင့် ထိတွေ့ပြီးနောက် ၇ ရက်ကြာသည်အထိ ရောဂါလက္ခဏာများကို စောင့်ကြည့် ပြီး ပုံမှန် ပိုးစစ်သင့်သည်။ ဤကာလအတွင်း သင့်အား အကြံပြုထားသည်များမှာ-
- ဆေးရုံများ၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာများနှင့် မသန်မစွမ်း ဝန်ဆောင်မှုဌာနများနှင့် ဝေးဝေးနေပါ။
- အများသုံးသယ်ယူပို့ဆောင်ရေး နှင့် အလုပ်၊ ကျောင်းစသော အဆောက်အဦများအတွင်း အပါအဝင် အိမ်မှ ထွက်ခွာသည့်အခါ နှာခေါင်းစည်း တပ်ပါ။
- ဖြစ်နိုင်လျှင် ပြတင်းပေါက်များ ဖွင့်ထားခြင်းဖြင့် အဆောက်အဦများအတွင်းသို့ လေကောင်းလေသန့်များ ဝင်ပါစေ။
နောက်ထပ် သိသင့်သည်များကို ပိုးထိတွေ့သူများ လုပ်ဆောင်ရန်စာရင်းတွင် ဖတ်ရှုပါ။
This page has been produced in consultation with and approved by: